ဘယ်သူတွေ ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများသလဲ
မိသားစုဘဝလေးပြည့်စုံဖို့ ရင်သွေးလေးလိုချင်ပါတယ်ဆိုမှ ပျက်ကျသွားမှာ စိုးရိမ်နေလား? သားလျှောသားပျက်ခြင်းအကြောင်း ဒါလေးတွေ သတိထားစေချင်ပါတယ်နော်။
ရာသီထိမ်၊ ဆီးစစ်လို့ နှစ်ကြောင်းပေါ်ပြီးချိန်မှစ ကိုယ်ဝန်အစောပိုင်းကာလ ၃ လ - ၄ လ အတွင်း သန္ဓေသား ထွက်ကျသွားတာကို ကိုယ်ဝန်ပျက်ကျခြင်း လို့ ခေါ်ပါတယ်။ ကျန်းမာရောဂါကင်းတဲ့ မိခင်တွေမှာလည်း အလိုလျောက်သားပျက်သားလျှောနိုင်သလို မတော်တဆထိခိုက်မိခြင်းနှင့် အချို့သောအခြေအနေတွေကြောင့် ပိုပျက်ကျနိုင်ခြေရှိပါတယ်။
ဘယ်သူတွေ ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများသလဲ ကြည့်ရအောင်။
မျိုးမအောင်သောသန္ဓေဖြစ်ခြင်း၊ သန္ဓေသားပုံမမှန်ခြင်း၊ ခရိုမိုဇုန်းရောဂါများဖြစ်ခြင်း၊ သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများကြောင့်လည်း ပျက်ကျနိုင်ပါတယ်။
အသက် ၃၅ နှစ် အထက် ကိုယ်ဝန်ဆောင်မိခင်- ယခင်က ကိုယ်ဝန်ပျက်ကျဖူးသူ
- အဟာရချို့တဲ့လွန်းသူ
- အရက်၊ ဆေးလိပ်နှင့် တားမြစ်ဆေးဝါးသုံးသူ
- လုပ်ငန်းခွင်တွင် ဓာတုဆေးဝါးနှင့် ဓာတ်ရောင်ခြည် ထိတွေ့မှုရှိသူ
- လိင်မှတဆင့် ကူးစက်သောရောဂါများရှိသူ
- နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူ
- သားအိမ်အနေအထားမမှန်ခြင်း၊ အလုံးတည်ခြင်း နှင့် သားအိမ်ခေါင်းတွင် ရောဂါရှိသူ
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိပြီး ကောင်းစွာထိန်းချုပ်ကုသမှုမခံယူထားသူ
- ဟော်မုန်းရောဂါများရှိသူ
- သိုင်းရွိုက်ဂလင်းရောဂါရှိသူ
- သွေးရောဂါရှိသူ ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။
ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးမှာ
- မိန်းမကိုယ်မှ သွေးတစက်စက်ကျခြင်း
- အညိုရောင်အရည်ကျဲကျဲဆင်းခြင်း
- သွေးနှင့် သန္ဓေသားတစ်ရှူးစ အတုံးအခဲများဆင်းခြင်း
- ဝမ်းဗိုက်အောက်ပိုင်း၊ ကျောနှင့် တင်ပါးခွက်ထဲတွင် ဆုပ်ဆွဲထားသလို နာကျင်ကိုက်ခဲခြင်း ဖြစ်ပြီဆိုရင် ကိုယ်ဝန်ပျက်ကျတာဖြစ်ပါတယ်။
ကိုယ်ဝန်ပျက်ကျတယ်လို့ ကိုယ့်ကိုယ်ကိုယ်သံသယရှိတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်တာ၊ ဆေးရုံသွားတာမျိုးလုပ်ပါ။ သွေးဆင်းများခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်းဗိုက်နာခြင်း၊ မိန်းမကိုယ်မှ အနံ့ဆိုးသော အရည်များဆင်းခြင်း ဖြစ်လာရင် သားအိမ်တွင်း ပိုးဝင်နေတာဖြစ်ပြီး မိခင်အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အချို့သူတွေမှာ သန္ဓေသားနှင့်အချင်းတစ်ရှူး အကုန်လုံးထွက်ကျပြီး သားအိမ်ခြစ်ဖို့မလိုတတ်ပါဘူး။ သန္ဓေသားအကုန်လုံးထွက်ကျတာမျိုးမဟုတ်ဘဲ တစ်ရှူးအပိုင်းအစလေးတွေ ကျန်နေရင်တော့ သားအိမ်ခြစ်ဖို့လိုပါတယ်။
ဘယ်လိုဂရုစိုက်ကြမလဲ?
မိမိမှာ ကိုယ်ဝန်ရှိလာပြီဆိုရင် မိခင်လောင်းတစ်ယောက်အနေနဲ့ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုလည်း ပြောပြပေးချင်ပါတယ်။
• ကိုယ်ဝန်ရှိပြီဆိုတာ စသိသိချင်းကတည်းက ကိုယ်ဝန်မှန်မှန်အပ်ပြီး ဂရုစိုက်ပါ။
• ဖောလစ်အက်ဆစ်သောက်ပါ။
• အဟာရပြည့်ဝအောင်စားသောက်ပါ။
• ကက်ဖင်းပါတာတွေလျှော့သောက်ပါ။
• အရက်၊ ဆေးလိပ်ဖြတ်ပါ။
• ပေါ့ပါးသော လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။
• ကိုယ်ဝန်ပျက်ကျစေနိုင်သော အကျင့်များကိုရှောင်ပါ။
• လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများရှိရင် ကြိုတင်ကုသမှုခံယူပါ။
လိင်ဆက်ဆံခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ သာမာန်အလုပ်လုပ်ခြင်း တို့ကြောင့်တော့ ကိုယ်ဝန်ပျက်မကျစေပါဘူးနော်။ ကိုယ်ဝန်ရဖို့ ခက်ခဲနေတာ၊ ကိုယ်ဝန်ဆောင်တိုင်းတဲ့အကြိမ်တိုင်း ၃ ကြိမ်ထိ ဆက်တိုက်ပျက်ကျနေတာမျိုးဆိုရင်တော့ ကိုယ်ဝန်မဆောင်မီအချိန်ကစပြီး သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။